ရန်ကုန် စက်တင်ဘာ ၂၁
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ရက်ပိုင်းတွင် နေရာကွက်၍ မိုးကြီးလျက်ရှိရာ ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ် က ဒလမြို့နယ်ရှိ မြစ်ချောင်းဘေး မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ဒီရေနှင့်အတူ မြစ်ရေဝင်ရောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မြို့မ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင် ထံမှ သိရသည်။
ဒလမြို့နယ်၌ ဒီရေတက်ချိန်နှင့်အတူ မိုးရွာသွန်းမှုကြောင့် မြစ်ချောင်းဘေးနှင့် မြေနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သည့် မြို့မ(၁)ရပ်ကွက်၊ မြို့မ(၂)ရပ်ကွက်၊ အံ့ကြီးအရှေ့ရပ်ကွက်နှင့် သမ္မတကမ်းခြေရပ်ကွက် တို့တွင် လမ်းမများပေါ်နှင့် နေအိမ်အတွင်းသို့ မြစ်ရေအနည်းငယ် ဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး နာရီဝက်အကြာတွင် ပြန်လည်ကျ သွားကြောင်း၊ စိုးရိမ်းစရာမရှိကြောင်းသိရသည်။
ယခင်နှစ်များက ဝါဆို၊ ဝါခေါင်လများ အတွင်း ထူးကဲဒီရေဝင်ရောက်ခြင်းကြောင့် ရေပြည့်ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး၊ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ဒီရေဝင်ရောက်မှုများရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဝါထပ်သည့် ကာလ ဖြစ်သော်လည်း ဝါဆို၊ ဝါခေါင်လများအတွင်း ထူးကဲဒီရေဝင်ရောက်မှုနည်းပါးခဲ့ရာ ယနေ့ရက်ပိုင်းတွင် ဖြစ်ပွားနေသော လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် မိုးရွာသွန်းမှုနှင့်အတူ ဒီရေနှင့်အတူ မြစ်ရေမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)