မိုင်းဆတ်မြို့၌ လူငယ်စကားဝိုင်း ကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း”ကို ယနေ့နံနက် (၉)နာရီခွဲက အ.ထ.က (မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က (မိုင်းဆတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်းက “လူငယ်စကားဝိုင်း” ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုး တက်လာစေရန်၊ အသိဉာဏ်ပညာဗဟုသုတပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး ရဲဝံ့စွာ ပြောဆိုတတ်စေရန်၊ ဉာဏ်ပညာကြီးမားပြီး အတွေးအခေါ်မျှတသည့်လူငယ်များ ဖြစ်လာစေရန် ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် အ.ထ.က (မိုင်းဆတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်းက လူငယ်ဆိုတာဘာလဲ၊  စိတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စာဖတ်ရန်လိုကြောင်း၊ လူငယ်တွေဗဟုသုတပြည့်ဝရန်လိုကြောင်း၊  လူငယ်များစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း ဆွေးနွေးခဲ့ပြီး Grade-10 မှ မောင်ဝေယံဘုန်းပြည့်အောင်က လူငယ်နှင့်အောင်မြင်မှု ပန်းတိုင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မလဲ့လဲ့ဝင်းက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်အောင်ကြည်ဦးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မနန်းလာ က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းပြဆရာ ဦးမာဒင်က တန်ဖိုးကြီးမားသည့် ပုလဲလုံးခေါင်းစဉ်နှင့်  အနန္တဂိုဏ်းဝင် ဆရာများ၏ ဆို၊ ဆုံးမမှုအား အမုန်းမထားသင့်သော ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက အားကစားနှင့် ဉာဏ်ရည်ဘယ်လိုယှဉ်ကစားရမလဲ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်သင့်လား၊ စာဖတ်တာနဲ့ အားကစား ဘာကိုပို လုပ်သင့်သလဲ စသည်ဖြင့်သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)