ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါရှာဖွေမှုပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေး

လှည်းကူး စက်တင်ဘာ  ၂၁

ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်  ရောဂါရှာဖွေမှုပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေး ပွဲကို စက်တင်ဘာ(၂၁)ရက် နံနက်(၁၀)နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က  ယခုအခါ ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း မြင့်မားလာပြီဖြစ်သည့်အတွက် ရောဂါကူးစက်ပျံ့နှံမှုမရှိစေရန်နှင့် Positive လူနာများနှင့်ထိတွေ့ မှုရှိသူများ ကို ရောဂါရှာဖွေမှုပြုလုပ်သွားရန်၊ မိမိမြို့နယ်အတွင်း  Quarantine  ဝင်ရောက်နေသူများ၏   စားဝတ်နေရေး အခက်အခဲမရှိစေရန်၊ ရောဂါဆက်လက်မြင့်မားလာပါက Quarantine Center များ ထားရှိသွားနိုင်ရန် စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းတို့က ကိုဗစ်-၁၉ရောဂါကူး စက်ပျံ့နှံ့မှုမရှိစေ ရေးတို့အတွက် မိမိတို့ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ အနေဖြင့် အနံအရသာမရရှိခြင်းစသည့် ကိုဗစ်-၁၉ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက အချိန်မီကုသနိုင်စေရေးနှင့် ရောဂါကူးစက်မှုလျော့နည်း လာစေရေးတို့နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ကိုဗစ်-၁၉ရောဂါသည် လူစုလူဝေးများပြားရာ နေရာ များတွင် ကူးစက်ပြန့်ပွားနိုင်သည့် ရောဂါမျိုးဖြစ်သဖြင့် မြို့မဈေးရှေ့တွင် လူစုလူဝေးမဖြစ်စေရေးနှင့် ယာဉ်ပိတ်ဆို့မှုမရှိစေရန်စသည်ဖြင့်လည်းကောင်း၊ ဈေးအတွင်းသို့ ကုန်တင်ယာဉ်များ ဝင်ရောက်သွားလာနေမှုအား စနစ်တကျဆောင်ရွက်သွားနိုင်ရန်စသည်ဖြင့်လည်းကောင်း၊ မိမိရပ်ကွက်/ကျေးရွာ အတွင်း Positive လူနာများတွေ့ရှိခဲ့သည့် အနီးပတ်ဝန်းကျင်နေရာများကို Stay Home ဧရိယာအဖြစ်သတ်မှတ်ထားရှိသွားရန် နှင့် ၎င်းသတ်မှတ်ဧရိယာအတွင်းမှ ပြည်သူများ၏စားစရိတ်များ အခက်အခဲမရှိစေရန်စသည်ဖြင့် လည်း ကောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးတို့ပူးပေါင်း၍ ရောဂါကာကွယ်ထိန်းချုပ်သည့်အနေဖြင့် အချိန်မီရောဂါရှာဖွေဖော်ထုတ်သွားနိုင်ရန် စသည် တို့နှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

နိုင်လင်း(လှည်းကူး)