နောင်ချိုမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

နောင်ချို ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်   မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများအနေဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးတို့ကို အထူးလိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီ တင်ပြကြစေလို ကြောင်း၊ အစည်းအဝေးတက်ရောက်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည့် အကြီးအကဲကိုယ်တိုင်(သို့မဟုတ်) ဒုတိယအကြီးအကဲကိုယ်တိုင် တက်ရောက်ကြ စေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လှုံခြုံရေးတာဝန်ဆောင်ရွက်နေမှုများ၊ စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က တက်ရောက်လာကြသော  ရပ်ကျေးများ အနေဖြင့် ဌာနဆိုင်ရာများမှ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား တင်ပြကြစေလိုကြောင်းနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်ဆောင်ရွက်နေမှုအပေါ် ပေါင်းစပ် ဆောင်ရွက်နိုင်ရေး တင်ပြခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအလိုက် တင်ပြဆွေးနွေးခဲ့ကြ သည်။

နောင်ချိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးတွက်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)