မိုင်းဆတ် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန် ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က အမှာစကားပြောကြားပြီး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးတို့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင် ခရီးသည်တင်ယာဉ်လိုင်းများနှင့် ဖြတ်သန်းသွားလာသူများအား နေ့၊ ညမပျက် စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ရန်၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးရန်၊ မြို့မဈေး၊ ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသည့် ဈေးသည်များ နှာခေါင်းစည်း Mask တပ်ဆင်ရောင်းချခြင်း ရှိ/မရှိနှင့် မြို့တွင်းသွားလာသူ များအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာ ခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေးရန်၊ စသည့်အချက်များဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြင့်မောင်