သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွမ်သတ်ကျေးရွာနှင့် နှစ်ကိုင်းကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်

သံဖြူဇရပ် ဒီဇင်ဘာ ၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပဒံငံကျေးရွာ မူလတန်းကြိုကျောင်းနှင့် မွန်းလွဲပိုင်းတွင် ကွမ်သတ်ကျေးရွာ ဘုန်းကြီးကျောင်းဟောင်းတို့၌ ကွင်းဆင်း၍  ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။

ထိုသို့ စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ကွင်းဆင်း ဆောင်ရွက်ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ကျေးရွာနေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျောင်းများ ကောင်းမွန်စေရေးနှင့် ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းများ၊ စာသင်လိုအပ်ချက်များရှိပါက တင်ပြနိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများကို အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ခင်မောင်ထွန်းက လုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ပစ်မှုဆိုင်ရာအကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်အောင်မိုးက လျှပ်စစ်ဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်အေးမှ ပညာရေးဆိုင်ရာအကြောင်းအရာများကို ပြောကြားပြီး တက်ရောက်လာသည့် ကျေးရွာနေပြည်သူများ၏ တင်ပြမေးမြန်းချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)