ဟိုပန်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်

ဟိုပန် ဒီဇင်ဘာ ၅

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းကို ယနေ့နံနက် (၉)နာရီက ဟိုပန် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စတင်ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဟိုပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ထွန်း က အဖွင့်အမှာစကားပြောကြားပြီး ဟိုပန်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟိဏ်းသီရိကျော် က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ယခုအချိန်သည် မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးမှာ ရာသီဥတု​​ပြောင်းလဲမှုဒဏ်များ တွေ့ကြုံနေကြရပြီး ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များလည်း ပိုမိုဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထိုသို့ ဖြစ်ပေါ်လာပါက လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်နိုင်ရန်နှင့် ဟိုပန်မြို့နေ ရပ်ရွာလူထုများအနေဖြင့် သဘာဝဘေးမဖြစ်ခင် ကြိုတင်စီမံဆောင်ရွက်ခြင်း၊ သဘာဝဘေးများဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းနှင့်ပတ်သက်သည့် စွမ်းဆောင်ရည်များ ပိုမိုသိရှိလာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဟိုပန်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် သင်ထောက်ကူပစ္စည်း(၁၀)မျိုးအား သင်တန်းသား၊ သူများအားပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် ဟိုပန်ခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပို့ချပေးသွားဖြစ်သည်။

သင်တန်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ  (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဟိုပန်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်၊ကျေးရွာများမှ စေတနာ့ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား၊သူ(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)