ဖယ်ခုံမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ အခြားနည်းညှိနှိုင်းဈေးဖြင့် စိစစ်ရောင်းချ

ဖယ်ခုံ   စက်တင်ဘာ ၂၁

ဖယ်ခုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင်များ အခြားနည်းညှိနှိုင်းဈေးဖြင့် စိစစ်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမတွင်ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးတင့်နိုင်က အမှာစကား ပြောကြားပြီး အမှုဆောင်အရာရှိ ဦးမြတ်သူက အရပ်ရပ်အခွင့်အရေးလိုင်စင်များ အခြားနည်း ညှိနှိုင်းဈေးဖြင့် စိစစ်ရောင်းချ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အရပ်ရပ်အခွင့်အရေးလိုင်စင် ခြောက်ခုအား သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်း များအတိုင်း ရောင်းချခဲ့ကြပြီး လုပ်ငန်းလိုင်စင်ရရှိသူများက ၀န်ခံကတိလက်မှတ်ရေးထိုးခဲ့ကြသည်။

“ကျွန်တော်တို့ လေလံလုပ်ငန်းကတော့ ဖယ်ခုံမြို့နယ်မှာ လုပ်ငန်းလိုင်စင် ၁၉ ခုရှိပါတယ်။ ကိုဗစ်ရောဂါ ဖြစ်ပွားတဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေ ဆုံးရှုံးနစ်နာမှုတွေကို ပြန်ကြည့်တဲ့အနေနဲ့ ရှမ်းပြည်နယ်စည်ပင် သာယာရေးဌာနရဲ့ လမ်းညွှန်မှုနဲ့ ၂၀၁၉-၂၀၂၀ လိုင်စင်ကြေးအပေါ် ငါးရာခိုင်နှုန်း တိုးပြီး သက်တမ်းတိုး ပြန်လည်ယူနိုင်တယ်ဆိုတဲ့အကြောင်း ကြော်ငြာခဲ့ပါတယ်။ ၁၂ ခုကတော့ သက်တမ်းတိုး ပြန်ယူပါတယ်။ ကျန်တဲ့လုပ်ငန်း ခုနှစ်ခုကို လေလံဈေးပြိုင်စနစ်နဲ့ ရောင်းချဖို့ ကြော်ငြာပြီး ပြီးခဲ့တဲ့ ၁၁ ရက်နေ့က တစ်ခုကို ဆွဲ၀ယ်သွားပါတယ်။ ကျန်တဲ့လုပ်ငန်းခြောက်ခုကို ဒီနေ့ အခြားနည်းနဲ့ ရောင်းချခဲ့ပါတယ်။ လုပ်ငန်း ၁၉ ခု လုံးကတော့ လေလံရောင်းချနိုင်ခဲ့ပါတယ်”ဟု အမှုဆောင်အရာရှိ ဦးမြတ်သူက ပြောကြားသည်။

လေလံဆွဲဝယ်ရရှိသူများအနေဖြင့် မိမိရရှိသောလိုင်စင်တန်ဖိုး၏ ၁၀% ကို လုပ်ငန်းအာမခံအဖြစ် ဌာနသို့ ချက်ခြင်းပေးသွင်းရမည်ဖြစ်သည်။ ကျန်ရှိသောလိုင်စင်တန်ဖိုးငွေများကို ရှမ်းပြည်နယ် စည်ပင်သာယာရေး ဌာန၏ ညွှန်ကြားချက်ဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းလိုင်စင်များ၏ သက်တမ်းမှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ (တစ်နှစ်တိတိ)ဖြစ်သည်။

“ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က နှစ်စပိုင်းတော့မဆိုပါဘူး။ ကိုဗစ်လဲ၀င်လာ ရောဈေးတွေပိတ်လိုက်တော့ နှစ်လလောက် ခံလိုက်ရတယ်။ တစ်လ ၁၅ သိန်းလောက်ရမဲ့ဟာကို ကိုဗစ်ကာလထဲမှာဆို တစ်လကို လေးသိန်း၀န်းကျင် လောက်ပဲ ၀င်တဲ့အနေအထားဖြစ်သွားတယ်။ အရှုံးပေါ်တာပေါ့။ ဒီနှစ် အခြားနည်း အိတ်ပိတ်နဲ့သွားတဲ့ အခါကျတော့ ကိုယ်နိုင်တဲ့ဈေးနဲ့ တင်လိုက်တာပေါ့။ ဌာနလဲအဆင်ပြေအောင် ကိုယ့် အတွက်လဲ သက်သာအောင်ပေါ့”ဟု ဖယ်ခုံမြို့မ ပျံကျဈေးကောက်ဆွဲ၀ယ်သူ ဦးကြာဦးက ပြောသည်။

ကိုထွေး(ဖယ်ခုံ)