သီပေါ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်လမ်းဦးစီးဌာနမှ သီပေါ-ပန်လုံ-မန်စံ နမ္မတူလမ်း (သီပေါ မြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်း (AC)ခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်(၇) နာရီက စတင်၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် သီပေါ-ပန်လုံ-မန်စံ-နမ္မတူလမ်း(မြို့တွင်းအပိုင်း) ကတ္တရာ ကွန်ကရိလမ်း(AC)ခင်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လမ်းအရှည်မိုင် (၄.၅) ဖာလုံရှိပြီး အကျယ် (၂၄)ပေဖြစ်ကြောင်း၊ လုပ်ငန်းအားယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်မည့်နေရာလမ်းတစ်လျှောက်အား ပြည်သူများသွားလာရေး လွယ်ကူစေရန်အတွက် စတင်ဆောင်ရွက်သည့် မိုင်းပွန်လမ်း၊ အကောင်းကြိုက်ထမင်းဆိုင်ထောင့်မှ မြန်မာ့ရှေ့ဆောင် ဘဏ်လမ်းထောင့်အထိ အပိုင်းလိုက် ပိတ်ထားမည်ဖြစ်ပါကြောင်း၊ လမ်းလွှဲမှ သွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ အပိုင်းလိုက် ဆောင်ရွက်ပြီးစီးပါက ဒီဇင်ဘာလ၂၁ ရက်နေ့တွင် လမ်းပြန်လည်ဖွင့်လှစ်ပေးပြီး ဒီဇင်ဘာလ၂၈ ရက်နေ့တွင် ပြန်လည်ပိတ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့ အထိ (၂)ကြိမ်ခွဲ၍အပိုင်းလိုက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)