ဇေယျာသီရိ၊ စက်တင်ဘာ - ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများကို စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်ကာ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် ဥတ္တရခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်ကာ ၂၄ ရက်နေ့အထိ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များသို့သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် လျက်ရှိသည်။ '' ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စက်တင်ဘာလ ၁၈ ရက်နေ့မွန်းလွဲပိုင်းက ထောက်ပံ့ငွေများပေးအပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ကျွန်တော်တို့ဌာနဆိုင်ရာတွေနဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး တွေပူးပေါင်းကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်နေတာ ဖြစ်ပါတယ်''ဟု ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်ကပြောသည်။
ဇေယျာသီရိမြို့နယ်အတွင်း ယခုထပ်မံထောက်ပံ့ရာတွင် တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စုပေါင်း(၁၇၁၂၈)စုအတွက် စုစုပေါင်းငွေကျပ် (၃၄၂၅၆၀၀၀၀) ကို ထပ်မံထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေးလင်းထွန်း(ဇေယျာသီရိပြန်/ဆက်)