ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ တတိယနေ့ အောင်မြင်စွာကျင်းပပြီးစီး

ပြင်ဦးလွင် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်မြို့ နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်းကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဒီဇင်ဘာလ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ ပြင်ဦးလွင်ခရိုင်ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့က တတိယမြောက်နေ့အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲတတိယနေ့၏ နံနက်ပိုင်း အသိပညာပေးဟောပြောပွဲတွင် ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်းမှ ဆရာမသီတဂူ (ကျောက်ဆည်) နှင့် နေ့လယ်ပိုင်း အသိပညာပေး ဟောပြောပွဲတွင် ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ သက်နိုင် (ပြင်ဦးလွင်) တို့က ကျောင်းသားလူငယ်များ သိမှတ်စရာ စာပေဆိုင်ရာများ၊ ဦးနှောက်နှင့် နှလုံးသားဖွံ့ဖြိုးစေရန် အသိပညာပေးမှုများ၊ ရသစာပေရေးရာအကြောင်းများ၊ လူငယ်နှင့် ဘဝနေထိုင်နည်းဆိုင်ရာ အကြောင်းအရာများအား သိရှိနားလည် သဘောပေါက်စေရေး အသိပညာပေး ဆွေးနွေးခဲ့သည်။

အသိပညာပေး ဆွေးနွေးဟောပြောမှုများအပြီးတွင် တက်ရောက်လာသော ကျောင်းသား / ကျောင်းသူများထဲမှ ပါဝင်ဆွေးနွေးခဲ့ကြသူများ၊ မေးခွန်းမေးမြန်းကြသူများနှင့် ဉာဏ်စမ်း မေးခွန်းများကို ဖြေဆိုနိုင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်နှင့် ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်တို့က စာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲသို့ ယနေ့တွင် ပြင်ဦးလွင်မြို့မှ ကိုယ်ပိုင်အထက်တန်း ကျောင်းများဖြစ်သည့် စိုးစံ၊ လင်းလက်ကြယ်စင်ဟိန်းနှင့် ဒေါ်မိုးလှိုင်လှိုင်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ အုပ်ချုပ်သူ ဆရာ/ ဆရာမများနှင့် ပြင်ဦးလွင်မြို့နယ်ရှိ စာပေဝါသနာရှင်များ စုံလင်စွာတက်ရောက်ခဲ့ကြပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ တတိယနေ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)