နေပြည်တော် ဒီဇင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အဓိကစားနပ်ရိက္ခာသီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးရေး ထုတ်လုပ်မှုတိုးတက်ရေးအတွက် နည်းလမ်းများစွာဖြင့် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိပါကြောင်း၊ သီးနှံများ၏ အထွက်နှုန်းတိုးတက်ခြင်း၊ ဈေးနှုန်းနှင့်ဈေးကွက်သေချာခြင်း၊ တောင်သူများဝင်ငွေပိုမိုရရှိစေခြင်းတို့ဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ အကျိုးတူလယ်ယာစနစ်ဆောင်ရွက်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြည်ပဈေးကွက်များသို့ ပိုမိုချိတ်ဆက်ရရှိစေရန်၊ အကျိုးတူလယ်ယာ စနစ်တွင်ပါဝင်သည့် အစုအဖွဲ့တိုင်းအကျိုးအမြတ်ရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်သည့် စနစ်အပေါ် အလေ့အကျင်ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် စပါးများစိုက်ပျိုးနိုင်ရေး၊ နွေစပါးစိုက်ပျိုးမည့် လျာထားစိုက်ပျိုးဧကများ ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေး လုံလောက်အောင်ရရှိရေးနှင့် စိုက်ပျိုးနည်းစနစ်အတတ်ပညာများ မျှဝေပေးရေးတို့ကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါး စီမံကိန်းကိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလေးစားကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းနှင့် ဆန်စပါး လုပ်ငန်းရှင်များက ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်လုပ်ငန်းများ၊ ရေလှောင်တမံများ၏ ရေသိုလှောင်မှု အခြေအနေများနှင့် စိုက်ပျိုးရေးပေးဝေနိုင်မှုအခြေအနေများ၊ ရေရရှိရေးနည်းလမ်းများအလိုက် စိုက်ပျိုးထုတ်လုပ်မည့်အစီအစဉ်များ၊ နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များ၊ စက်မှုလယ်ယာကိစ္စရပ်များနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)