ပျဉ်းမနား ဒီဇင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်လူရွယ်များ ဂီတ၊ အနုပညာများဖြင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် Basic Rhythm ဂစ်တာတီးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွှဲပိုင်း ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနများနှင့်စပ်လျဉ်း၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများနှင့် ဂီတဝါသနာရှင်များက သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ အဆိုပါသင်တန်းဆင်းပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ဂစ်တာတီးနည်းဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူနေကြသည့် သင်တန်းသား (၁၅) ဦးနှင့် မြို့နယ်အတွင်းရှိ ဂီတဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)