ဒေါပုံမြို့နယ်တွင် ဒီဇင်ဘာလ (ပထမပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းပါဝင်

ရန်ကုန် ဒီဇင်ဘာ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဒီဇင်ဘာလ(ပထမပတ်)လူထုလှုပ်ရှားအားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က ယမုံနာလမ်းမကြီးတစ်လျှောက် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက လမ်းလျှောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူထုလမ်းလျှောက်ပွဲတွင် ပါဝင်လမ်းလျှောက်ကြသူများက ယမုံနာလမ်းမကြီး၊ သင်္ဘောကျင်းမှတ်တိုင်အနီးမှစ၍ လမ်းလျှောက်ထွက်ခွာခဲ့ပြီး မဟာဗန္ဓုလတံတားပေါ်သို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီးနောက် ဒေါပုံမြို့နယ် ဘောလုံးအားကစားကွင်းအတွင်း ပြန်လည်နေရာယူကာ စုပေါင်းကိုယ်လက် လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်က ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူများစုစုပေါင်းအင်အား (၂၀၀)ကျော်တို့က ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)