ကျောက်ဆည်မြို့နယ်တွင် ဆောင်းနေကြာသီးနှံ(၃၁၅၀)ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆောင်းနေကြာသီးနှံ (၃၁၅၀)ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးနှင့် မျိုးစေ့ဖူးလုံပိုလျှံရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက  တောင်သူများနှင့် ပူးပေါင်းကာ မြေအမျိုးအစားနှင့် ရာသီဥတု အပေါ်မူတည်ပြီး ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းမည့် အပင်ပေါက်နှုန်းကောင်းသော ရေဆင်းစပ်မျိုး(၁) နေကြာမျိုးများကို အဓိကထားစိုက်ပျိုးစေပြီး စိုက်ပျိုးရာတွင် တစ်ဧကမျိုးစေ့ (၃)ပြည်နှုန်းဖြင့် အပင်ပေါက်သေချာစေရန် မြေတွင်းအစိုဓာတ် လုံလောက်ချိန်တွင် နှစ်လက်မထက်မနက်စေဘဲ (၁)ကျင်းလျင် မျိုးစေ့(၂)စေ့နှုန်းဖြင့် သတ်မှတ်အပင်ဦးရေ (၂၉၀၀၀)ဝင်ဆန့်စေရန် တန်းကြား(၂)ပေ၊ ပင်ကြား(၉)လက်မဖြင့် စနစ်တကျ စိုက်ပျိုးကြရန်နှင့် လိုအပ်သည့်အချိန်တွင် သွင်းအားစုများသုံးစွဲရေး ကွင်းဆင်းကြည့်ရှုပြီး နည်းပညာများ ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။

ဆောင်းနေကြာသီးနှံများကို တိုက်နယ်(၁)မှ ကျေးရွာအုပ်စု(၇)အုပ်စုတွင် (၃၃၆)ဧက၊ တိုက်နယ်(၂)မှ ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၇၄၇)ဧက၊ တိုက်နယ်(၃)မှ ကျေးရွာအုပ်စု(၄)အုပ်စုတွင် (၃၆)ဧက၊ တိုက်နယ်(၅)မှ ကျေးရွာအုပ်စု(၂)အုပ်စုတွင် (၆)ဧက၊ တိုက်နယ်(၆)မှ ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၂၃၀)ဧက၊ တိုက်နယ်(၇)မှ ကျေးရွာအုပ်စု(၁၀)အုပ်စုတွင် (၇၄)ဧက၊ တိုက်နယ်(၈)မှ ကျေးရွာအုပ်စု(၈)အုပ်စုတွင် (၁၁၉၈)ဧက၊ တိုက်နယ် (၉)မှ (၂)အုပ်စုတွင် (၂၅)ဧက၊ တိုက်နယ်(၁၀)မှ ကျေးရွာအုပ်စု(၆)အုပ်စုတွင်(၄၁၈)ဧက၊ တိုက်နယ်(၁၁)မှ ကျေးရွအုပ်စု(၆)အုပ်စုတွင်(၃၈)ဧက၊ တိုက်နယ်(၁၂)မှ ကျေးရွာအုပ်စု(၇)အုပ်စု တွင်(၄၂)ဧက၊ စုစုပေါင်း( ၃၁၅၀) ဧက စိုက်ပျိုးထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)