ကျောက်ဆည် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းတွင် ယမန်နေ့ နံနက်(၉)နာရီက ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း(၁/၂၂) ဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးစောလွင်အေးက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာနိုင်ငံများတွင် ငလျင်ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်နေသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင် များနှင့်အတူ ရှေ့တန်းတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပရဟိတလုပ်ငန်းစိတ်ပါဝင်စားသူ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် စွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန်အတွက် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီအခြေခံရှာဖွေ ကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျကိုင်တွယ်ထိန်းသိမ်းအသုံးပြုပြီး အခြေခံရှာဖွေ ကယ်ဆယ်ရေးနည်းစနစ်များကို စာတွေ့ လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ပြီး ဖြစ်သောကြောင့် သဘာဝဘေးအန္တရယ်များနှင့်ကြုံတွေ့ခဲ့ရပါက ပြည်သူလူထု၏ အသက်နှင့် စည်းစိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့်နည်းပါးအောင် ဆောင်ရွက်သွားကြစေလိုကြောင်း သင်တန်းဆင်းအမှာ စကားပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်သူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များမှ သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ပြီး အခြေခံကြိုးချည်နည်း၊ ကြိုးကူးနည်း၊ ကြိုးအတက်အဆင်းပြုလုပ်နည်း၊ မြန်မာ နိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအကြောင်း၊ ရေးပေါ်သူနာပြုစုနည်းနှင့်ပတ်တီးစည်းနည်းများ၊ အသက်ရှုကိရိယာ အသုံးပြုခြင်းနှင့် အမှောင်ထုအတွင်း လှုပ်ရှား သွားလာခြင်း၊ ရေတွင်းအသက်ကယ်ဆယ်ရေး၊ လေအိပ်အသုံးပြုနည်း၊ Line Shooter ကြိုးပစ်သေနတ်ပစ်နည်း၊ မြို့ပြရှာဖွေကယ်ဆယ်ရေးနှင့် စောင့်ကြည့်ကိရိယာများ ကိုင်တွယ်အသုံးပြုနည်း၊ ယာဉ်မတော်တဆ ဖြစ်ပွားမှုတွင် ရှာဖွေကယ်ဆယ်ခြင်းနည်း၊ Marking Signalling System ၊ Vallery Rescue Technique ၊ Skate Block Technique ၊ Cribbing Method ၊Breeching /Breaking Method စသည့် နည်းများကို စာတွေ့လက်တွေ့စနစ်တကျ သင်ကြားပေးကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)