မိုင်းယုမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ

မိုင်းယု စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးအကြောင်း အသိပညာပေး နံရံကပ် စာစောင်ပြသခြင်း ကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှေ့၌ ပြသခဲ့ရာ စာပေချစ်သူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ  လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးအကြောင်း အသိပညာပေး နံရံကပ်စာစောင်တွင် လူကုန်ကူးမှု၏ အဓိပ္ပါယ်၊ လူကုန်ကူးမှုတားရေးဆီးအဖွဲ့မှ ထုတ်ပြန်ထားသည့် အသိပညာပေး ကဗျာ၊ ကာတွန်းများ၊ ဥပဒေပြဌာန်းချက်များ၊ လက်ကမ်းစာစောင်များ၊ အမျိုးသမီးများ လူကုန်ကူးခံရပါက ကြုံတွေ့ရသည့် အန္တရာယ်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် အရေးပေါ်ဖုန်းနံပါတ်များ၊ လူကုန်ကူးမှု အမျိုးအစားများ၊ ပွဲစားများ၏ လူကုန်ကူးမှုတွင် သုံးတတ်သည့် နည်းလမ်းများ၊ လူကုန်ကူးမှုကြောင့် ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းစသည်ဖြင့် အသိပညာပေး စာစောင်နှင့် ဓာတ်ပုံများကို အများပြည်သူ အသိပညာဗဟုသုတရရှိရေးအတွက် ပြသထားခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)