ဥတ္တရသီရိမြိုနယ်အတွင်းရှိ ဖောင်းလောင်ဆည်နှင့်တောက်ပြိုဆည်များတွင် ငါးမျိုးများစိုက်ထည့်

ဥတ္တရသီရိ         စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံ ဇာတပေါများရေး၊ ငါးစားသုံးမှုမြင့်မားရေး၊ ကျေးလက်နေပြည်သူများဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဆည်၊တာတမံများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့က ဖောင်းလောင်ဆည်နှင့် တောက်ပြို ဆည်တို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်သန်း၊ ရေဆင်းငါးစခန်းတာဝန်ခံ ဦးစိုးပိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဖုန်း၊ ဆည်တာဝန်ခံများနှင့် ဒေသခံပြည်သူများက ဖောင်းလောင်ဆည်နှင့် တောင်ပြိုဆည်တို့တွင် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေတစ်သိန်းစီဖြင့်  စုစုပေါင်း ငါးသားပေါက်ကောင်ရေနှစ်သိန်းအား စိုက်ထည့်ပေးခြင်းအပြင်  ငါးမျိူးပြုန်းတီးမှုမရှိစေရေးအတွက် ဘက်ထ္ထရီရှော့တိုက်၍ငါးဖမ်းခြင်း မပြုရန်နှင့် တွေရှိပါက အရေးယူမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

 အောင်ကို(ပြန်/ဆက်)