နောင်ချို ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သန်းသန်းထွေးက ပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်း-၃ ဒေါ်လွင်မာဦးက မသန်စွမ်းသူအမျိုးအစားများ၊ မသန်စွမ်းသူပြုစုစောင့်ရှောက်ရေးလုပ်ငန်းများနှင့် မသန်စွမ်းသူဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများနှင့်ပက်သက်၍ နိုင်ငံတော်အစိုးရမှ အသက်မွေးဝမ်းကြောင်း ပညာများသင်ကြားပေးနေမှုအခြေအနေများနှင့် နောင်ချိုမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မသန်စွမ်းသူများအား နှစ်စဉ်နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေမှ ငွေကြေးထောက်ပံ့ပေးနေမှု အခြေအနေများကို အသေးစိတ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ Online မှတစ်ဆင့်ရိုက်ကူး ထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)