ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ချယ်ရီသင်္ဘောဆိပ်ကမ်း၌ စီးနင်းကြသော ခရီးသည်များအား နှာခေါင်းစည်းများ အခမဲ့ပေးဝေ

ရန်ကုန် စက်တင်ဘာ ၂၁

စီးပွားရေးမြို့တော်ရန်ကုန်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် ခရီးသွားမိဘပြည်သူများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာနိုင်စေရေး နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ချယ်ရီသင်္ဘော ကူးတို့ ဆိပ်ကမ်း၌ စီးနင်းလိုက်ပါကြသော ခရီးသွားမိဘပြည်သူများအား နှာခေါင်းစည်းများတပ်ဆင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးဌာန ဌာနမှူး ဦးဝင်းကိုအောင် နှင့် တာဝန်ရှိသူများ၊ ပန်းဆိုးတန်း နှင့် ဒလ သင်္ဘောဆိပ်ကမ်း မန်နေဂျာများနှင့် ဝန်ထမ်းများက လက်မှတ်ရုံအတွင်းရှိ ခရီးသည် နားနေဆောင်နှင့် ချယ်ရီရေယာဉ် စီးနင်းလိုက်ပါကြသော ခရီးသွားမိဘပြည်သူများကို နှာခေါင်းစည်းများ ပေးဝေခဲ့ကြသည်။

ရန်ကုန်မြို့သို့ အလုပ်သွားလုပ်မည့် ဒေသခံပြည်သူတစ်ဦး က “ မနေ့ညက စပြီး နေအိမ်မှာ နေထိုင်ရေး ထုတ်ပြန်ကြေညာ လိုက်တာလို့သိရတယ်၊ အဲ့ဒါကြောင့် ခရီးသည်တွေ သိသိသာသာ လျော့နည်းသွားတယ်လို့ မြင်မိပါတယ်၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေ ရန်ကုန်တိုင်းအတွင်းမှာ တစ်ဖြည်းဖြည်းနဲ့များလာတယ်၊ ကြိုတင်ကာကွယ်ဖို့အနေနဲ့ ကိုယ်ကိုတိုင်လည်း အပြင်သွားရင် နှာခေါင်းစည်းတပ်တယ်၊ ခုသွားလာနေတဲ့ ခရီးသည်တွေ အားလုံးလိုလို နှာခေါင်းစည်းတွေ တပ်ဆင်လာကြတယ်၊ လူတွေလည်း ဒီရောဂါကို ကြောက်တာလည်းပါတယ်၊ စည်းကမ်းရှိလာကြတာကို အရင်ကထက် ပိုမြင်ရတယ် ” ဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်ပြီးနောက် ရန်ကုန်(ပန်းဆိုးတန်း-ဒလ)ကူးတို့ သင်္ဘောဆိပ်ကမ်း၌ ယနေ့တွင် ရန်ကုန်မြို့သို့ အလုပ်သွားရောက်လုပ်ကိုင်ကြမည့် တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များရှိ ခရီးသည်မိဘပြည်သူများ မရှိသလောက်နည်းပါးသွားပြီး၊ ဒလမြို့နယ်ဒေသခံပြည်သူ အများစု နှင့် ဝန်ထမ်းအများစုသာ ကူးသန်းသွားလာလျက်ရှိကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)