မိုင်းဆတ် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည် ဖော်ဆောင်ရွက်ရန် လျာထားသောလုပ်ငန်းနေရာများအား ယမန်နေ့နံနက် (၉)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း(၁၀၀၀)ဖြင့် မိုင်းဆတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားတင်ပြလာသောနေရာများအနက် မဟုန်ကန်ကျေးရွာမှ ဒေသခံပြည်သူ များ လုပ်ကိုင်လျက်ရှိသော လယ်ယာမြေများ သို့သွားလာနိုင်ရန်နှင့် လယ်ယာထွက်ကုန် ပစ္စည်းများ သယ်ယူရာတွင် အထောက်အကူဖြစ်စေရန် ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးကြင်မောင်စန်းတို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
“ကျွန်တော်တို့ မဟုန်ကန်ကျေးရွာက လယ်လုပ်ကိုင်တဲ့သူတွေက ဒီချောင်းကိုကူးပြီး လယ်သွားလုပ် ကြတယ်၊ မိုးတွင်းဆိုသွားလာရခက်ခဲတယ်၊ လယ်ယာထွက်ပစ္စည်းသယ်ယူတဲ့အခါမှာလည်း တံတားမရှိ တော့ အခက်အခဲဖြစ်တယ်၊ တာဝန်ရှိသူတွေအနေနဲ့ တံတားတည်ဆောက်နိုင်ဖို့ အခုလိုလာပြီး ကွင်းဆင်း စစ်ဆေးတဲ့အတွက် ဝမ်းသာပါတယ်၊ တံတားတည်ဆောက်ဖို့အတွက် အစိုးရကချပေးတဲ့ရန်ပုံငွေအပြင် ကျွန်တော်တို့ ဒေသခံပြည်သူတွေကလည်း ပူးပေါင်းဆောင်ရွက် သွားမှာပါ၊ ဒီတံတားလေးပြီးသွားရင်တော့ ကျွန်တော်တို့ ရွာကဒေသခံတွေရဲ့ အခက်အခဲ လည်းအဆင်ပြေသွားမယ် ပြီးတော့ ကျွန်တော်တို့ရွာရဲ့ အပေါ် မှာရှိတဲ့ အာခါရွာ(၂)ရွာကဒေသခံတွေလည်း ကျန်းမာရေးနဲ့ ခရီးသွားလာရေးအတွက် အဆင်ပြေသွားမှာ ဖြစ်ပါတယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယာကျောက် ကပြောသည်။
ဆက်လက်၍ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် ဝမ်တုံကျေးရွာတွင်းလမ်း ကျောက်ရော မြေခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
မြင့်မောင် (ပြန်ဆက်)