ပင်လောင်းမြို့နယ်တွင်ဆီထွက်သီးနှံ နေကြာမျိုး စေ့ထုတ်စိုက်ကွင်းတွင်မျိုးကွဲနုတ်ပယ်ခြင်း ကွင်းလက်တွေ့သရုပ်ပြခြင်းဆောင်ရွက်

ပင်လောင်း ဒီဇင်ဘာ  ၃  

ပြည်တွင်း၌စားသုံးဆီ အလုံအလောက်ထုတ်လုပ်နိုင်ရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသရာသီဥတုနှင့်ကိုက်ညီသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စိုက်ဧကများတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ တကူမို့ရွာ တောင်သူဦးယန်း၏ ရေဆင်း-၁ စပ်မျိုးနေကြာ ၁ ဧက မျိုးစေ့ထုတ်စိုက်ကွင်းတွင် မျိုးကွဲနုတ်ပယ်ခြင်း ကွင်းလက်တွေ့ field day သရုပ်ပြသပွဲအား ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်နှင့်ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ရာ နေကြာသီးနှံစိုက်ပျိုးခြင်းအား စိတ်ဝင်စားသည့် တောင်သူ ၁၅ ဦးမှ လာရောက်လေ့လာခဲ့ကြသည်။ ဆက်လက်၍တောင်သူ ဦးသန်းကျော်၏ တောင်သူပညာပေး စံပြစိုက်ကွင်းသို့ သွားရောက်လေ့လာကြည့်ရှုပြီး စိုက်ပျိုးမှုလုပ်ငန်းအဆင့်ဆင့်အား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆီထွက်သီးနှံ နေကြာအားပင်လောင်းမြို့နယ်တွင် ယခင်ကကျေးရွာအုပ်စု ၆ အုပ်စု၊ကျေးရွာပေါင်း ၃၀ တွင် စိုက်ဧက ၅၂၀ ဧကစိုက်ပျိုးရန်လျာထားခဲ့သော်လည်း သီးထပ်၊သီးညှပ် ပုံစံအမျိုးမျိုးဖြင့် မိုး၊ ဆောင်းရာသီမရွေးမျိုးစေ့ စျေးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးနိုင်သော သီးနှံဖြစ်သဖြင့် ကျေးရွာအုပ်စု ၄ အုပ်စုမှကျေးရွာ ၉ ရွာတို့တွင်ထပ်မံတိုးချဲ့စိုက်ပျိုးခဲ့ကြသောကြောင့် စုစုပေါင်း ကျေးရွာအုပ်စု ၁၀ အုပ်စုနှင့် ကျေးရွာ ၃၉ ရွာတွင် တောင်သူပေါင်း ၂၁၄ ဦးတို့မှစိုက်ပျိုးသည့်ဧကအနေဖြင့် သီးသန့်စိုက်ဧက ၇၀ ဧက၊သီးညှပ်စိုက်ဧက ၄၆၇ ဧကတို့အား စိုက်ပျိုးလာခဲ့ခြင်းကြောင့် လျာထားချက်ထက် ၁၇ ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။

ယခုအခါ ပင်လောင်းမြို့နယ်အတွင်းကျေးရွာအုပ်စု ၅ အုပ်စုတွင် တောင်သူပညာပေးစံပြကွက် ဧက ၂၀ နှင့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းဧက ၅ ဧက ဆောင်ရွက်ထားရှိပြီး ဆောင်းနေကြာစိုက်ဧက တိုးချဲ့စိုက်ပျိုးရန်အတွက် မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧကစိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးတောင်သူများအနေဖြင့် အထွက်ကောင်းပြီး ရွက်ခြောက်ရောဂါဒဏ်ခံနိုင်သည့် ရေဆင်းစပ်မျိုး (၁) နေကြာ မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့များလိုအပ်ချက်ရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)