သုံးခွ ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ရေပေါ်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မရုံတွင် ရေပေါ်ကန်ကျေးရွာ၊ ရှမ်းစုကျေးရွာ၊ နံယောကျေးရွာ၊ သခွပ်ကုန်း ကျေးရွာရှိ ပြည်သူလူထုနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠ ဦးမျိုးမင်းအောင်က နယ်မြေအေးချမ်းရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ယနေ့ ဌာနဆိုင်ရာများပူးပေါင်း၍ လာရောက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ကျေးရွာများအနေဖြင့် လိုအပ်သည်များရှိလျှင် မေးမြန်းဆွေးနွေးနိုင်ပါကြောင်း ပြောကြားသည်။ ယင်းနောက် စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၁) ဗိုလ်မှူးသန့်ဇော်လင်းမှလည်း သုံးခွမြို့နယ်ဟာ အခြားမြို့များနှင့် နှိုင်းယှဉ်ပါက နယ်မြေအေးချမ်းသာယာမှုရှိပါကြောင်း၊ ယခုလိုဆက်လက်ပြီး အေးချမ်းသာယာဖို့အတွက် ဒေသခံပြည်သူများအနေဖြင့် သက်ဆိုင်တာ၀န်ရှိများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးတင်မြင့်အောင်က တရားမ၀င်ခွင့်ပြုထားတဲ့ ပိုးသတ်ဆေးကိုမသုံးစွဲသင့်ကြောင်း၊ ပိုးသတ်ဆေးဖျန်းပြီးပါက ရေချိုးသန့်စင်ရမှာဖြစ်ပြီး အသုံးပြုပြီးဗူးခွံများကို စနစ်တကျ စွန့်ပစ်ရမှာဖြစ် ကြောင်းနှင့်ပိုးသတ်ဆေး၀ယ်ရာယူရာတွင် လူသုံးကုန်ပစွည်းများနှင့် ရောနှောမထားပါသင့်ပါကြောင်းပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးနိုင်မှ စနစ်သစ်ပညာရေးကဏ္ဍအကြောင်းကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာကျော်ကိုကိုခိုင်က ကျေးလက်နေတောင်သူများ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းကိုပြုလုပ်စေလိုကြောင်း၊ တောင်သူဘ၀တွေ၀င်ငွေတိုးဖို့ လက်ရှိစိုက်ပျိုးရေးနှင့် တွဲဖက်ပြီးမွေးမြူရေးပါတွဲဖက် လုပ်ကိုင်စေလိုကြောင်း၊ ကျေးလက်နေပြည်သူဘ၀ဖွံ့ဖြိုးမှ နိုင်ငံတော်ကြီးကဖွံဖြိုးတိုး တက်မှာဖြစ်ပါကြောင်းပြောကြားသည်။ဆက်လက်၍ လျှပ်စစ်မန်နေဂျာ ဦးထက်နိုင်က လျှပ်စစ်မီးသုံးစွဲမှုနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာဦးသိန်းဇော်၀င်းမှ ဆောင်းသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် မိုးသီးနှံစပါးစိုက်ပျိုးမှု ထုတ်ချေးထားသည့် ချေးငွေအကျေပေးဆပ်ပြီးသည့် တောင်သူများကိုသာ ထုတ်ချေးပေး လျက်ရှိပါကြောင်းနှင့် တောင်သူများအနေဖြင့်လည်း ချေးငွေများကို အကျေပေးဆပ်စေလိုကြောင်း ပြောကြားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ပြည်သူများအသိပညာဗဟုသုတ တိုးပွားရရှိဖို့အတွက် စာများများဖတ်ရှုစေလိုကြောင်း၊ သို့မှသာအမှားအမှန်ကိုခွဲခြားပြီး မိမိတို့ရဲ့လုပ်ငန်းနယ်ပယ်မှာ စာပေမှရရှိသောအသိနှင့် အသုံးချစေမှာဖြစ်ပါကြောင်း၊ မီးသတ်ဦးစီးဌာနမှူး ဦးတင်မျိုးလွင်မှ မီးလောင်လျှင် မီးငြိမ်းသတ်ပုံအဆင့်ဆင့်နှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများကိုရှင်းလင်း ဆွေးနွေးခြင်း၊ မီးလောင်လျှင် မီးသတ်ဆေးဗူး အသုံးပြုပုံများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်းမှလည်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန်နည်းလမ်းများနှင့် နေအိမ်များရှိ ရေစည်၊ ရေအိုးများတွင် ပိုးလောက်လန်းများမပေါက်ပွားစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသော ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ ဆရာမများက ပြည်သူများအား သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့်ဆီးချိုရောဂါ ရှိ/ မရှိ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် Vitamaks အားဆေး ဗူး ၃၀၀ အားအခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ပြီးနောက် တက်ရောက်လာသော ပြည်သူများအား လက်တွေ့မီးငြိမ်းသတ်စေခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်