သီပေါ စက်တင်ဘာ ၂၁
ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်ကော်မတီဝင်များမှ အလှည့်ကျ ဦးဆောင်၍ သီပေါမြို့အဝင်/အထွက်စစ်ဆေးရေးဂိတ်တွင် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်ဖြတ်သန်း သွားလာသည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား နေ့စဉ်ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင်မော်တော်ယာဉ်များအား ရပ်တန့်၍ ခရီးသွားများအား ကိုယ်ပူချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ ခရီးသွားရာဇဝင်များရယူခြင်း၊ မြို့နယ်အတွင်းနေထိုင်ပါက နေထိုင်သည့် နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုရယူစိစစ်ပြီးမှ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း၊ ဖြတ်သန်းသွားလာသူများ၊ ယာဉ်မောင်းများမှလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက အလှည့်ကျတာဝန်ယူ၍ နေ့စဉ်နံနက်(၇)နာရီ အချိန်မှ ညနေ(၅)နာရီအထိလည်းကောင်း၊ ညနေ(၅)နာရီမှ နောက်တစ်နေ့နံနက်(၇)နာရီအထိ လည်းကောင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် အရှိန်အဟုန်မြှင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)