မိတ္ထီလာ ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးက အဖွင့်အမှာ စကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်း ကျင်းပရခြင်းမှာ လူငယ်များအတက်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြော အတက်ပညာများ ကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတက်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး ရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အကျင့်ကောင်း များရရှိနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းက ဦးဆောင်ကာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ Grade-10 နှင့် Grade-11 တို့တွင် ပညာသင်ယူနေသော မောင်ဝင်းခန့်ကို ၊ မောင်မင်းခန့်သွင်၊ မဆုသဥ္ဇာအောင်၊ မပွင့်ဖြူနှင်း၊ မဝါဝါအောင်၊ မဆုရွှန်းထက်တို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ ၎င်းစကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးခဲ့မှုအပေါ် မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး စာရေးဆရာ ကြည်သိန်းဇော်က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ မြို့နယ်စာရေး ဆရာအသင်းမှ အဖွဲ့ဝင်များ၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)