ကျောက်ဆည် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရေး လိုအပ်သည့်ကဏ္ဍများအား ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ်၌ သံရွာကျေးရွာအုပ်စု၊ အေးကျေးရွာတွင် (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်သဖြင့် လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁၀၀)၊ ပြည်သူ ထည့်ဝင်ငွေ၊ လုပ်အား(၅၃)သိန်းကျပ်ဖြင့် အရှည်(၆၆၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်းနှင့် လမ်းအရည်အသွေးကောင်းမွန်ရေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးမှုကြောင့် မြို့ပြနှင့်မခြားဖြစ်လာပြီး အေးကျေးရွာမှ အိမ်ခြေ(၉၈)အိမ်၊ အိမ်ထောင်စု(၉၈)စုတို့မှ လူဦးရေ(၅၁၂)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများပိုမိုဖွံ့ဖြိုးတိုးတက် လာတော့ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)