ချောင်းဆုံ ဒီဇင်ဘာ ၂
ပူးပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးဘေးအန္တရယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ စိစစ်ကြပ်မတ်ရေးအဖွဲ့တို့မှ ဌာနဆိုင်ရာရုံးများသို့ သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ အဖွဲ့ဝင်(၂)ဦးမျိုးဝင်း ဦးဆောင်ပြီး မီးသတ် ဦးစီးအရာရှိ ဦးတင်လင်းဦး စည်ပင်အင်ဂျင်နီယာ၊ ဘေးစီမံဌာနဦးစီးအရာရှိ၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး (လ.ဝ.က)၊ လျှပ်စစ်ဌာနမှ တာဝန်ရှိသူများတို့က ရုံးဌာနများတွင် မီးဘေးအန္တရာယ်လုံခြုံရေးနှင့်ပတ်သက်ပြီး စာရွက်စာတမ်းဖွိုင်များ၊ စက်ပစ္စည်းများ၊ ဦးစားပေးအဆင့်အတန်းအလိုက်စနစ်တကျထားရှိမှု အခြေအနေ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုအခြေအနေ၊ မီးချိတ်၊မီးကတ်၊ ရေပုံး၊ သဲပုံးများ ရေသိုလှောင်ကန်များ၊ စနစ်တကျထားရှိမှုအခြေအနေကိုလည်းကောင်း၊ အရေးပေါ်မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ရုံးဝန်ထမ်းများအလွယ်တကူမီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဗူး၊ အသုံးပြုပုံထားရှိရမည့် နည်းလမ်းများကို အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် လိုအပ်သည့်အကြံပြုချက်များကို အကြံပြုပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)