ကျောက်ပန်းတောင်း ဒီဇင်ဘာ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှ အသက် (၁) အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို၊ ယမန်နေ့နံနက် (၈) နာရီမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို မွေးစမှ အသက်(၁)နှစ်အောက် ကလေးငယ်များအပြင် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးရခြင်းမရှိသည့် အသက်(၁)နှစ် ကျော်(၂)အောက်ကလေးငယ်များကိုလည်း လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း များကို လစဉ်လဆန်း(၁)ရက်၊ (၂) ရက်နေ့များနှင့် လဝက်ရက်များဖြစ်သည့် (၁၅)ရက်၊ (၁၆) ရက်နေ့များတွင် ပုံမှန်ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်နီလာစိုး (ဦးစီးအရာရှိ /သူနာပြု) ကပြောသည်။
ယခုထိုးနှံပေးသည့် ကာကွယ်ဆေးများမှာ မွေးကင်းစမှ အသက် (၁) နှစ်အောက် ကလေးငယ်များအတွက် သတ်မှတ် ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျော (ရိုတာ)၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗီ)နှင့် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်း ရောင် အသားဝါ(ဘီ)-ဦးဏှောက်အမြှေးရောင် အစရှိသည့် (၅) မျိုးစပ်ကာကွယ်ဆေးများနှင့် ပိုလီယို ကာကွယ်ဆေး အစရှိသည့် ထိုးဆေး/သောက်ဆေး(အစက်ချ) တို့ပါဝင်ကြောင်းသိရပြီး ကိုဗစ်-၁၉ ပုံမှန် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများနှင့် သတ်မှတ်ကာလရောက်ရှိပြီး ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ကလေးမိခင်များကိုလည်း လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တစ်ပါတည်း ထိုးနှံပေးခြင်းဆောင်ရွက်ပေးကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)