ခရမ်း ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်သည့် ပြည်သူများအတွက် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ကို ယနေ့ နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများအတွက် ဆောင်ရွက်ပေးနေသည့် အကာအကွယ်ပေးမှုများ၊ ပြည်သူအများသိရှိလိုက်နာသင့်သည့် အချက်အလက်များ၊ ကြုံတွေ့ရမည့် အခက်အခဲများကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အသိပညာပေး (Talk Show) ကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် စားသုံးသူရေးရာ အကူအညီပေးနေမှုများ၊ ခွင့်ပြုမဲ့၊ သက်တမ်းလွန်၊ အန္တရာယ်ရှိ စားသုံးကုန်ပစ္စည်းများ ထုတ်လုပ်၊ ရောင်းချခြင်းနှင့် သိုလှောင်ထားခြင်းများစသည့် စားသုံးသူပြည်သူများ သိသင့်သိထိုက်သည်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး၍ ကြုံတွေ့ပါက ဆက်သွယ်တိုင်ကြားရမည့် ဖုန်းနံပါတ်နှင့် ကောစင်တာအကြောင်းများကို ရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )