တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်‌ ကျောင်းသားလူငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth  Club) အဖွဲ့ဝင် ကျောင်းသားလူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အားတင်းထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၈)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က “သင်မှ ပြင်မှ ဘဝပိုလှ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် လူတစ်ယောက်၏ တန်ဖိုးသည် သူဖြတ်သန်းကျော်လွှားနေသောခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်သော သမိုင်းတာဝန်ကို သူဘယ်   လောက်သယ်ပိုးဆောင်ရွက်ခဲ့သည် ဆိုသောအချက်ဖြင့် တိုင်းတာရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုအရည် အသွေးပြည့်ဝရန် လေ့ကျင့်သင်ယူရမည်ဖြစ်ကြောင်း၊ သိစရာများပြားသောလောကကြီးတွင် လူတစ်ယောက် သည်ကိုယ်နိုင်သမျှ၊ ကိုယ်စွမ်းသမျှ စိတ်ပါဝင်စားစွာဖြင့် ပညာကိုစူးစမ်းရှာဖွေပြီး မိမိကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပြောင်းလဲနိုင်မှ ဘဝဆိုတာတန်ဖိုးရှိလာနိုင်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Youth Club) အဖွဲ့ဝင် မနှင်းအိခိုင်မှ “ပညာနဲ့ငွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မမိုးပြည့်မှ “စကားပြောစွမ်းရည်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော စာပေဝါသနာရှင် ကျောင်းသားလူငယ်များမှလည်း အသီးသီးပါဝင်ဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင် (တံတား)