ကျိုက်မရော၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး

ကျိုက်မရော ဒီဇင်ဘာ ၂

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မီးဘေးလုံခြုံရေး စစ်ဆေးရေးအဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းကို  ယနေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာ၌ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ နတလရုံး၊ တိုင်းရင်းဆေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအား မီးဘေးလုံခြုံရေးဆိုင်ရာအသိ ပညာပေးခြင်း၊ မီးဂျိတ်မီးဂတ်များ သဲပုံး၊ ရေပုံးများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မီးသတ်ဆေးဗူးများ အသစ်လဲလှယ်ထားခြင်း ရှိ/ မရှိ၊ လျှပ်စစ်မီးကြိုးများ၊ မိန်းခလုတ်များ သွယ်တန်းရာတွင် ဆားဗစ်ကြိုးများကောင်းမွန်ခြင်း ရှိ/မရှိ၊ အန္တရာယ်ဖြစ်စေနိုင်သော လျှပ်စစ်ပစ္စည်းများ သွယ်တန်းထားရှိမှုနှင့် မီးကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းထားမှူအခြေအနေ၊ ဌာနဆိုင်ရာ ရုံးများအနေဖြင့် မီးဘေးစီမံချက်ရေးဆွဲထားခြင်း ရှိ/ မရှိ တို့ကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိသူများက တစ်ရုံးချင်းစီလှည့်လည်စစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များအပေါ် ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(.ပြန်/ဆက်)