လင်းခေး ဒီဇင်ဘာ ၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးစိုးညွန့်ရွှေသည် လင်းခေးခရိုင်ဦးစီးမှူးလိုက်ပါလျက် လင်းခေးခရိုင်အတွင်းရှိ မြို့နယ်ရုံးများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ယမန်နေ့က မိုးနဲမြို့နယ်ရုံး၊ လင်းခေးခရိုင်ရုံးနှင့် မိုင်းပန်မြို့နယ်ရုံးများ၏ ဌာနလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ခရိုင်ရုံးပြည်သူ့ စာကြည့်တိုက်အတွင်းရှိ စာအုပ်များအား (DLMS)ဆော့ဝဲရေးသွင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဦးစီးမှူးက မြို့နယ်အလိုက်ရုံးအသီးသီး၏ ရုံးဥပဓိရုပ်ကောင်းမွန်စေရေး၊ ရုံးတွင်းပြင်ပသန့်ရှင်းရေး၊ မြေစိုက်နံရံကပ် စာစောင်ပြဘုတ်များအား ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဌာန၌တာဝန်ထမ်းဆောင်လျက်ရှိသော ခရိုင်ဦးစီးမှူး၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်နယ်မှူးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ၏ စိတ်ဓာတ်ကောင်းမွန်မြင့်မားလာစေရေး၊ ဝန်ထမ်းများ လုပ်ငန်းခွင်တွင်ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နိုင်စေရေး၊ ဝန်ထမ်းအဆင့်ဆင့်အလိုက် မိမိတာဝန်မိမိကျေပွန်စွာ ထမ်းဆောင်တတ်စေရေး၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးများ ဆောင်ရွက်ပေးနိုင်စေရေး၊ ဌာနလုပ်ငန်းများ လုပ်ဆောင်ကြရာ၌ ဝန်ထမ်းအချင်းချင်း နွေးထွေးစွာ ဆက်ဆံသွားကြစေရေးနှင့် စည်းကမ်းလိုက်နာ၊ တာဝန်ကျေပွန်သော အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေးတို့ကို မျှော်မှန်းလျက်အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဌာနနှင့်နိုင်ငံတော်အတွက် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း စသည်တို့ကို အမှာစကားပြောကြားပေးခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီတွင် လင်းခေးမြို့မှ တောင်ကြီးမြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)