လှည်းကူး ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက အ.ထ.က(လှည်းကူး) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်းတစ်ဦးနှင့် တစ်ဦးအသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်အချင်းချင်းရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လှည်းကူးအခြေခံပညာအထက်တန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဘေဘီက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် အထက(လှည်းကူး)ကျောင်းမှ ကျောင်းသား/သူလေးများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင် ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ ကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးဒေါ်သိန်းရွှေ၊ အထက(လှည်းကူး)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနက ပြသထားသောနံရံကပ် စာစောင်နှင့် စာအုပ်/စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)