ရပ်စောက်၌ ဆီထွက်သီးနှံနေကြာမျိုးစေ့ထုပ် စံပြစိုက်ခင်းအား တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်

ရပ်စောက် ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံ နေကြာမျိုးစေ့ထုပ် စံပြစိုက်ခင်းအား တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပါမဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာရှိ ကွင်း(၂၃၄)၊ တောင်သူ ဦးစိုးဝင်းကြီး၏ နေကြာစိုက်ခင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်က နေကြာသီးနှံသည် မြန်မာနိုင်ငံ၏အဓိက ဆီထွက်သီးနှံများတွင် တစ်မျိုးအပါအဝင်ဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်ရရှိနိုင်သည့် သီးနှံဖြစ်သလို ပြည်တွင်းစားသုံးဆီဖူလုံရေး၊ စိုက်ပျိုးသူတောင်သူများ ဝင်ငွေတိုးတက်ရရှိရေး၊ အစားအစာဘေးကင်း လုံခြုံရေးတို့ကိုရှေးရှု၍ နေကြာသီးနှံကို ပိုမိုစိုက်ပျိုးသင့်ကြောင်း နေကြာမျိုးစေ့ထုပ်စံပြစိုက်ခင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသည့် တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးစီးအရာရှိက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာကြသည့်တောင်သူများအား နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြသည်။

ယနေ့ပြုလုပ်သည့်တောင်သူ ဦးစိုးဝင်းကြီး၏ ဆီထွက်သီးနှံနေကြာမျိုးစေ့ထုပ် စံပြစိုက်ခင်းတွင် စိုက်ပျိုးထားသည့်နေကြာမျိုးမှာ အိန္ဒိယနေကြာမျိုးကွဲဖြစ်ပြီး စိုက်ဧက(၁၂)ဧကခွဲဖြစ်ကြောင်းနှင့် အဆိုပါ တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲသို့ နေကြာစိုက် တောင်သူ(၅၅)ဦး တက်ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)