မိုးမိတ် ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိုးမိတ်မြို့မရဲစခန်းမှ ဒုတိယရဲအုပ်ကျော်လွင်နိုင်က လူကုန်ကူးမှု ဆိုသည်မှာ လူတစ်ဦးသည် အခြားလူတစ်ဦးကို အဓမ္မပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုး ပြုလုပ်ခိုင်းခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ထိမ်းမြားစေခြင်း၊ ကျွန်ပြုခြင်း ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္ဓာအစိတ်အပိုင်းအား ထုတ်ယူ ဖယ်ရှားခြင်း၊ ရောင်းစားခြင်း စသည့်တို့ကိုပြုလုပ်ရာ၌ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတရာကိုသော်လည်းကောင်း လက်ခံခြင်း(သို့မဟုတ်)လက်ခံရယူရန် သဘောတူခြင်းတို့ဖြစ်သည်ဟုလည်းကောင်း လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှု ဖြစ်ပွားလေ့ရှိသည့် အခြေအနေများနှင့် ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက ဆွေးနွေး မေးမြန်းခဲ့ကြရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
စည်သူဌေး (ခရိုင်၊ ပြန်/ဆက်)