သထုံခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေပွဲ(Talk Show) ပြုလုပ်

သထုံ     ဒီဇင်ဘာ      ၂

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု၊ သထုံတို့ပူးပေါင်းကာ ယနေ့နံနက်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှဌေးက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြီး အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု၊ သထုံမှဒုရဲမှူးတင်ကိုကိုက မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် စွဲလမ်းစေရသည့်အကြောင်းရင်းများ၊ မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများကိုသိရှိပြီး ဖြတ်ချင်သူများအနေဖြင့် ဆောင်ရွက်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရောင်းဝယ်ခြင်းတို့နှင့်ပတ်သတ်သည့် ပြစ်မှုပြစ်ဒဏ်များ၊ အရွယ်မရောက်သေးသည့် ကလေးများကော်ရှူခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း လက်ဝယ်တွေ့ရှိခြင်းတို့ကြောင့် အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးများကို အကျိုးပြုဆေးဝါးများ၌ ထည့်သွင်းအသုံးပြုနိုင်ပုံများ၊ မူးယစ်တပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ထိန်းချုပ်ရေးဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ပူး‌ပေါင်းကာကွယ်တားဆီးနိုင်ရေး ဆက်သွယ်သတင်းပေးနိုင်သည့် ဖုန်းနံပါတ်များစသည့် မူးယစ်ဆေး၏ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)