နောင်ချိုမြို့နယ် ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဆောင်းရာသီ ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်

နောင်ချို ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပညာအောင်မြေကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဆောင်းရာသီကျောင်းတွင်း အားကစားပြိုင်ပွဲများပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ အားကစားကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အထက်တန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျား၊မ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ မူလတန်းအဆင့် မုန့်စားပြိုင်ပွဲ၊ ဖိနပ်ကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ စသည့်အားကစားနည်းများဖြင့် ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆောင်းရာသီ ကျောင်းတွင်းအားကစားပြိုင်ပွဲအား ပြုလုပ်ဆောင်ရွက်ပေးရခြင်းသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာတွင်သာမက အားကစားကိုပါစိတ်ဝင်စားပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချင်းချင်း ချစ်ခင်ရင်းနှီးစည်းလုံးမှုရှိစေရန် ရည်ရွယ်၍ ပြုလုပ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား  ကျောင်း၏ ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)