ရွှေပညာဒါန(အခမဲ့)သင်တန်းစတင်ဖွင့်လှစ်

ရန်ကုန်   ဒီဇင်ဘာ   ၂

ရွှေပညာဒါန(အခမဲ့)ရွှေသင်တန်းအသိပညာပေးသင်တန်း(၁/၂၀၂၂)ကို ယမန်နေ့နံနက် ၈ နာရီက အမှတ်(၄၂/၅၀)၊ ရွှေဘုံသာ(အောက်)လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် စတင်ဖွင့်လှစ်သည်။

“သင်တန်းမှာ ဘာသာရပ်ဆယ်ခုကို သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ပထမရက်ကတော့တူးဖော်ခြင်းဘာသာရပ်၊ မြန်မာတစ်ပြည်လုံးမှာ ရွှေထွက်တဲ့နေရာတွေရဲ့အကြောင်း၊   ရွှေတူးဖော်ခြင်းလုပ်ငန်း၊ ရွှေသန့်စင်ခြင်းလုပ်ငန်းအစရှိသည့် ထုတ်လုပ်တဲ့နည်းပညာတွေကို ပို့ချပေးတာဖြစ်ပါ တယ်။ ရွှေသန့်စင်တဲ့နေရာမှာဆောင်ရန်၊ ရှောင်ရန်အချက်အလက်တွေကို သင်ကြားပို့ချပေးမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါသင်တန်း ပထမရက်တွင် ရွှေတူးဖော်ခြင်းဘာသာရပ်အကြောင်း သိကောင်းစရာများကို သင်ကြားပို့ချခဲ့ပြီး နောက်ရက်များတွင် ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေစျေးကွက် ရောင်းဝယ်ခြင်း၊ ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှုဥပဒေရေးရာ၊ ရွှေဆိုင်ဖွင့်လှစ်ခြင်း၊ ရွှေပန်းထိမ်၊ ရွှေအပေါင်ခံခြင်း၊ အသုံးချရွှေသင်္ချာ၊ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ကျောက်မျက်ပညာ၊ ရွှေဆိုင်ဖွင့်လှစ်ခြင်းအစရှိသည့်ဘာသာရပ်များကို ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)