အလုံ ဒီဇင်ဘာ ၂
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်အတွက်ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေး Second Dose ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး အလုံမြို့နယ်တွင် ယနေ့အထိ ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူ ၁၅၄၉ ဦး ၊ ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၁၀၃၀ ဦး စုစုပေါင်း ၂၅၇၉ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးပြီဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့များ၊ ပရဟိတအဖွဲ့များမှ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်ဇာနည်လွင်မှ လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)