ချောင်းဆုံ စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါပျံ့နှံ့မှု မရှိစေရေးအတွက် ယနေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကိုကျင်းပရာ မွန်ပြည်နယ်၊ လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြနှင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး မြို့အဝင် တံတားထိပ်တွင် ဆောင်ရွက်နေမှုကို ကော်မတီဝင်များအနေဖြင့် အခက်အခဲရှိပါက အစိုးရအဖွဲ့ရုံးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြက မြို့အဝင်တံတားထိပ်၌ စစ်ဆေးမှုလုပ်ငန်းနှင့်ပတ်သက်၍ လူအင်အား အခြေအနေပေါ်မူတည်ပြီး ရှေ့ဆက်၍ ဆောင်ရွက်သွားမည့်အခြေအနေကို လည်းကောင်း၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမျိုးသိုက်ထွန်းက မြို့နယ်တွင် တစ်နေရာတည်းစုစည်းပြီး (CBFQ)ဖွင့်လှစ်မည့်နေရာအခြေအနေ စစ်ဆေးရေးနေရာများတွင်လည်း ရောဂါကာကွယ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်မှုအခြေအနေတို့ကို တင်ပြ ဆွေးနွေးသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးဒေါက်တာသူဇာဝင်းက ကျန်းမာရေးကဏ္ဏ အနေနှင့် ဆေးရုံတွင် လူနာထား ရှိနိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိမှုအခြေအနေကို လည်းကောင်း၊ တက်ရောက်လာသည့် ကော်မတီဝင် များကလည်း မိမိမြို့နယ်အတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ပေါင်းစပ်ညှိ နှိုင်းဆွေးနွေးခဲ့ ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)