မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း  အသိပညာ‌ပေးလက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများနှင့်မော်တော် ယာဉ်မောင်းများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာစေရန်အတွက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် (၉:၀၀) အချိန်က မြောက်ဥက္ကလာပ အဝိုင်းမှတ်တိုင်တွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါပုဒ်မများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန်စည်းကမ်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့်နှစ်အလိုက် ယာဉ်တိုက်မှုနှိုင်းယှဉ်ချက်ဇယား၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းချိုးဖောက်ပါကတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ ယာဉ်မတော်တဆမှုဖြစ်ပွားသည်ကို တွေ့ရှိပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၃၅)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးလှိုင်ဝင်းအောင် ဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက လမ်းအသုံးပြုသူပြည်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)