လယ်ဝေးမြို့တွင် မဲပေးပိုင်ခွင့်ရရှိရေး မိဘပြည်သူများသို့ အသိပေးကြေညာချက် Talk Show ကျင်းပ

လယ်ဝေး  ဒီဇင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေးအတွက် မိဘပြည်သူများသို့ အသိပေးကြေညာချက် (Talk Show) အား ယမန်နေ့ည​နေပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။

အဆိုပါ (Talk Show) တွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးတို့က ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး မှန်ကန်သည့်မဲစာရင်းများပြုစုနိုင်ရန် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များ၊ မဲပေးပိုင်ခွင့်ဆုံးရှုံးနိုင်သည့် အခြေအနေများ၊ ပြည်သူများမဲပေးပိုင်ခွင့်ရရှိရေး လုပ်ဆောင်ရမည့်အချက်များ၊ ပုံစံ (၆၆/၆) မရှိသည့်အတွက် မဲပေးပိုင်ခွင့်ရရှိရေး ဆောင်ရွက်ပေးနေမှုများ၊ ပြည်သူများကိုထုတ်ပေးနေသည့် လက်မှတ်အမျိုးအစားများ၊ ရွှေ့ပြောင်းအလုပ်လုပ်နေသည့်ပြည်သူများ မဲပေးပိုင်ခွင့် ရရှိရေးအတွက် ဌာနမှဆောင်ရွက်ပေးနေမှုများ စသည်တို့ကို မေးမြန်းဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယနေ့ဆွေးနွေးကျင်းပခဲ့သည့် မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေး မိဘပြည်သူများသို့ အသိပေးကြေညာချက် (Talk Show) အစီအစဉ်အပြည့်အစုံကို We Love Leiway Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)