မုဒုံ ဒီဇင်ဘာ ၁
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ရပ်/ ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်တိုးတက်စေရန် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းငါးကြောင်း ပူးပေါင်းအဖွဲ့သည် ကျုံဖိုက်နှင့်ညောင်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးလက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင်ကတ်ရရှိနိုင်ရေး၊ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းတံတားများ၊ ကျေးရွာတွင်း လမ်းတံတားများ ကောင်းမွန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ် MSME ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကို ပြည်နယ်ဝန်ကြီးချုပ်မှ နယကဖြင့် ဦးဆောင်ပြီး အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ မြေနေရာအခက်ခဲရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် နိုင်လှုံကျေးရွာတွင် မြေဧက ၃၆၈ ဒသမ ၂၇ ဧကကို စက်မှုဇုန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ကျေးရွာသူ/ သားတို့၏ မေးမြန်းတင်ပြချက်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ (လ.ဝ.က) ဝန်ထမ်းများမှ အိမ်ထောင်စုလူဦးရေစာရင်း ပျက်စီး၊ ပျောက်ဆုံးသူများကို အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သားငယ် (ပြန်/ဆက်)