ခေတ်မီစံပြကျေးရွာဆောင်ရွက်လျက်ရှိသည့် မှော်ဘီမြို့နယ်၊ အမောက်ဝဲကျေးရွာသို့ ကွင်းဆင်းစစ်ဆေး

မှော်ဘီ   ဒီဇင်ဘာ ၁

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမောက်ဝဲကျေးရွာသို့ နိုဝင်ဘာလ(၂၉)ရက်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်အေးကျော့လှိုင်နှင့် တာဝန်ရှိသူများသည် ခေတ်မီစံပြကျေးရွာ(Smart Village)ဆောင်ရွက်လျက်ရှိသည့် အမောက်ဝဲကျေးရွာတွင် ကျေးရွာအခြေခံအဆောက်အဦးများ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများ၊ သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှု ထောက်ပံ့ကူညီခြင်းဆောင်ရွက်နေမှုအခြေအနေများ၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေးမြင့်မားအောင် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အသင်းအဖွဲ့များခိုင်မာအောင်ဆောင်ရွက်ထားရှိမှုများ၊ နည်းပညာဖြန့်ဖြူးပေးနေမှုများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက်ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်းအရာများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)