မောင်တော ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မောင်တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်မှာ အမျိုးသမီးများနှင့် မိန်းခလေးငယ်များအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်ခြင်း၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းဟာ ကျန်းမာရေး ပြဿနာရပ်အဖြစ်သာမက လူ့အခွင့်အရေးကိုချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်သွားစေရန်ရည်မှန်းပြီး ၁၉၉၁ ခုနှစ်မှစတင်ကာ အမျိုးသမီးများအား အကြမ်းဖက်မှုဆန့်ကျင့်သည့် (၁၆)ရက်တာလှုပ်ရှားမှုများကို နှစ်စဉ် နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်နေ့ထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်မှစတင်ပြီး (၁၆)ရက်တာလှုပ်ရှားမှုများကို လှုမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်ကာ UN ၊ INGO ၊ NGO ၊ အမျိုးသမီးအရေးတက်ကြွစွာ လှုပ်ရှားနေသောအဖွဲ့များဖြင့် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း စသည့်အမျိုးသမီးများအတွက် ဆောင်ရွက်ချက်များ စသည့်တို့ကို အကျယ်တဝင့်ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာနှင့်ပတ်သတ်၍ အကြမ်းဖက်မှုကိစ္စရပ် ဖြစ်ပေါ်ရသည့်အခြေအနေများ၊ လက်ရှိမြန်မာနိုင်ငံအတွင်း အမျိုးသမီးများအား အကြမ်း ဖက်မှုဖြစ်ပွားခဲ့မှုအခြေအနေများနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဖြစ်ပွားအောင် ထောက်ပံ့ပေးသည့်အကြောင်းအရာများ၊ ရှေးမြန်မာတို့၏အယူအဆများ၊ အကြမ်းဖက်မှုတုန့်ပြန်ဆောင်ရွက်မှုအတွက် အခြေခံလမ်းညွန်းများ၊ ပြစ်မှုကျူးလွန်သူများအား ပြစ်မှုနှင့် ပုဒ်မ(ကျင့်ထုံး)၊ ပြစ်ဒဏ်များ၊ အကြမ်းဖက်မှုဖြစ်ပွားပါက တိုင်ကြားဆက်သွယ်ရမည့်နေရာများ၊ ကျေးလက်ဒေသနေအမျိုးသမီးများ၏အခွင့်အရေးများ၊ လက်ထပ်ထိမ်းမြားခြင်းနှင့် မိသားစုဘဝတွင် တန်းတူညီမျှမှုအခြေအနေများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေများနှင့်ပတ်သတ်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး