မိုးနဲ ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးကို နိုဝင်ဘာလ ၂၈ ရက်နေ့မှစတင်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်သူ့အားကစားကွင်းနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူလေးများအား ကြံ့ခိုင်မှုစွမ်းရည် ၅ မျိုး စစ်ဆေးရာနေရာသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရာတွင် မြို့နယ်အတွင်းရှိအခြေခံပညာ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ အဋ္ဌမတန်း ၁၂ ဦး၊ ဒသမတန်း ၃ ဦး၊ ဧကာဒဿမတန်း ၄ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၉ ဦးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း၊ မြို့နယ်အဆင့်တွင် ဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းသူ ၁၉ ဦးအနက်မှ အတန်းလိုက် ကျောင်းသား ၁ ဦး၊ ကျောင်းသူ ၁ ဦး၊ စုစုပေါင်း ၆ ဦးကို ရွေးချယ်၍ ခရိုင်အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)