ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ မိမိတို့မြို့နယ်အတွင်း ရောဂါ ပြန့်ပွားခြင်းများအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပိုးတွေလူနာများနှင့် ဆက်စပ်လျက်ရှိသူများကို Quarantine centre များတွင် ထားရှိ ဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် သုဝဏ္ဏ ဗဟိုဆောက်လုပ်ရေး သင်တန်းကျောင်း Community based facility quarantine centre ၊ သင်္ဃန်းကျွန်းပညာရေး ကောလိပ် Community based facility quarantine centre၊ စသည့် quarantine centre၊ နှစ်ခုဖြင့် ထားရှိဆောင်ရွက်ခဲ့သည်။
ယခုအခါ သင်္ဃန်းကျွန်းမြို့နယ်တွင် ပိုးတွေ့လူနာများ ထပ်မံဖြစ်ပေါ်လျက်ရှိသဖြင့် အ.ထ.က(သုဝဏ္ဏ) ကျောင်းအား Community based facility quarantine centre၊ အဖြစ် ထပ်မံဖွင့်လှစ်ကာ ထားရှိနိုင်ရေးအတွက် ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နေဘုန်းလတ်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ မြို့နယ်စည်ပင်သာယာကော်မတီ အတွင်းရေးမှူး ဦးနိုင်ဝင်းနှင့် ဒေါက်တာကျော်စွာဦးတို့သည် Community based facility quarantine center အဖြစ် ထပ်မံပြုလုပ်မည့် အထက(သုဝဏ္ဏ) ကျောင်း၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်စည်း ပေးနိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)