မှော်ဘီ နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာအုပ်စု၊ ပါရမီဖြည့်အရှေ့ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဒေသကိုယ်စားပြုဦးဝင်းစိုးမှ စစ်ကြောင်းကြီး(၅)ကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိတ်ဆက်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝေမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး အုပ်ချုပ်ရေးစစ်ကြောင်းမှအဖွဲ့ခေါင်းဆောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်က အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ ကာကွယ်ရေးစစ်ကြောင်းမှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်က ကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်းစဉ်များဆွေးနွေးပြောကြားခဲ့ပြီး စစ်ကြောင်း ၅ ကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာများမှဦးစီးအရာရှိများကလည်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ မူဝါဒ ၉ ချက်အပါအဝင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးဝင်းစိုးမှဆွေးနွေးကာ တက်ရောက်လာသောအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ တောင်သူလယ်သမားအလုပ်သမားများက ဒေသဖွံ့ဖြိုးရေးအပါအဝင်သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးခြင်းနှင့် သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များမှ မိမိတို့တင်ပြသည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် ဆိုင်ကယ်စီးနင်း၊ မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါသောဦးထုပ်ကိုဆောင်းပြီးမောင်းနှင်စေရေး၊ နှစ်ဦးထက်ပိုမစီးရေးစသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရေး အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်မှနိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း Mask နှာခေါင်းစီးများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)