ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

မောင်တော  နိုဝင်ဘာ  ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌   အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ  စွမ်းဆောင်ရည်မြင့်မားလာစေရည်ရွယ်၍ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန် အ.ထ. က(၁) အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ  မောင်တောမြို့နယ်ပညာရေးမှူး  ဦးအောင်စံကျော်က အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ အနေဖြင့် ပြည်ထောင်စုဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်တို့၏ မှာကြားခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာအချက်များ၊ ဘဏ္ဍရေးဆိုင်ရာများ၊ပညာရေးနှင့် ပတ်သက်သော လုပ်ငန်းလမ်းညွန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြီး  နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရာတွင် ပညာရေးစနစ်ဖြစ်ပေါ်ရေးကို ဝိုင်းဝန်းစွမ်းဆောင်ပေးကြရာတွင် အတွေးအခေါ်မှန်ကန်၍ အကျင့် စာရိတ္တကောင်းမွန်သော ပညာတတ်ကျောင်းသားလူငယ်များ ပေါ်ထွန်းရန်အတွက် အလေးအနက်ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်း အုပ်ကြီးများ စီမံခန့်ခဲမှုစွမ်းဆောင်ရည်မြှင့်မားမှသာ အခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများကို စနစ်တကျ စီမံခန့်ခွဲပေးနိုင်မည်ဖြစ်ကြောင်း စသည့် တို့ကို ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီး ၁၂၀ ဦးတက်ရောက်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က  သက်ဆိုင်ရာလုပ်ငန်းများ၌ စွမ်းဆောင်ရည် မြှင့်မားလာစေရန်အတွက်  သင်တန်းကို တစ်ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)