ရန်ကင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော Quarantine Center တွင် ယနေ့ထိ Quarantine ဝင်ရောက်သူ (၁၈)ဦးထိရှိ

ရန်ကုန်  စက်တင်ဘာ  ၂၁

ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ပြည်တွင်းကူးစက်မှု များပြားလာသည်နှင့်အမျှ ရောဂါပိုး တွေ့ရှိသူနှင့် ဆက်စပ်သူများ၊ သံသယလူနာများအား ထားရှိရန် နေရာအခက်အခဲရှိလာသဖြင့် အဆိုပါသူများ အားထားရှိနိုင်ရန် မြို့နယ်အသီးသီးတွင် Quarantine Center များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက် ပေးခဲ့သည်။
ယခုလိုဖွင့်လှစ်ရာတွင် ရန်ကင်းမြို့နယ်၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအား စက်တင်ဘာလ (၁၆) ရက်နေ့မှစ၍ လူဦးရေ(၅၀)ဦးဆန့် Quarantine Center အဖြစ် ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ Quarantine ဝင်ရောက်သူ(၁၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Quarantine Center ရှိ စောင့်ကြည့်လူနာများအား မနက်စာ၊ နေ့လယ်စာ၊ ညစာ များပါဝင်သော အာဟာရဒါနများကို နေ့စဉ် အလှူရှင်များမှ အလှည့်ကျ လှူဒါန်းပေးလျက်ရှိပြီး သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ Volunteer အဖွဲ့များမှလည်း နေ့စဉ် လုံခြုံရေးနှင့် အထွေထွေ လိုအပ်ချက်များကို အလှည့်ကျ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)